စာလုံးပေါင်းသတ်ပုံ

❝ခ,ဂ,င,ဒ,ပ,ဝ ခြောက်လုံး မောက်မောက်ချ❞ ဆိုသည်မှာ ခကွေး၊
ဂငယ်၊ င၊ ဒဒွေး၊ ပစောက်၊ ဝလုံး ဟူသည့် မြန်မာအက္ခရာ (၆) လုံးကို ရေးချ(၂) မျိုးရှိသည့်အနက် ဝိုက်ချ(ာ) ကို မသုံးဘဲ မောက်ချ(ါ )ကိုသုံးရမည့်အကြောင်းအတိုကောက်မှတ်သားကြခြင်းဖြစ်သည်။ အကယ်၍ ဤ အက္ခရာ(၆)လုံးကို ဝိုက်ချနှင့်ရေးခဲ့သော် ခာ သည် ဆ၊ ဂာ သည် က၊ ငာ သည် တ,လိုလို က,လိုလို၊ ဒာ သည် အ၊ ပာ သည် ဟ၊ဝာ သည် တ နှင့် ဆင်တူယိုးမှား အဖတ်မှားနိုင်သည်။
ထိုအခြေအနေကို ရှောင်ရှားဖို့ရန် မောက်ချ ပေါ်လာရသည်။ သို့သော် ရေးချ အပြင် ယပင့်(ျ,)၊ ရရစ်(ြ)၊ ဝဆွဲ(ွ) ၊ ဟထိုး(ှ) ❝ပင့်ရစ်ဆွဲထိုး❞များပါသော မြန်မာဗျည်းတွဲများရေးသားသည့်အခါ တခြား အက္ခရာများနှင့် မှားယွင်းစရာ အကြောင်းမရှိ‌ တော့သောကြောင့် မောက်ချ အစား
ဝိုက်ချရိုးရိုးကိုပြောင်းသုံးရသည်။ ဥပမာ။ ။သခွား၊ ဂျာကင်၊ ငှား၊ ကုမုဒြာ၊ စီးပွားရေး၊ အဓိပ္ပာယ်၊
ကိုအဝှာ။ ❝လာဟေ့....❛ဒွါး❜၊ သွားကောက်ချေစို့❞ မှာပါသည့်
နုထွား(ဒွါး)၊ ဒွါရာဝတီ နှင့် ဒွါ‌ဒရာ တို့တွင် ဝဆွဲပါသော်လည်း မောက်ချကိုသုံးရသည်။
ခ,ဂ,ဒ,ပ ကို ပါဠိ,သက္ကတ ပါဌ်ဆင့်ပါဠိသက် စကားလုံးများတွင် မောက်ချကိုသာ ပဓာနပြု အသုံးများသည်။
ကင်္ခါ၊ ဂင်္ဂါ၊ ဒါသီ၊ ဂေါပါလ
ပုပ္ပား ❎ ပုပ္ပါး✅
ဗုဒ္ဓာ❎ ဗုဒ္ဓါ✅
အဓိပ္ပါယ်❎ အဓိပ္ပာယ် ✅
မြန်မာပါဠိသက်မှာ အဓိပ္ပာယ်စာလုံးပေါင်းက ဝိုက်ချနှင့်ရေးထုံးအတည်ပြုထားသော်ငြားလည်း
ပဋိစ္စသမုပ္ပါဒ၊ စိတ္တုပ္ပါဒ တို့ကဲ့သို့
ပါဠိမှာ အဓိပ္ပါယ ✅ မောက်ချနှင့်ရေးမှအမှန်ဖြစ်လေသလော။

ရွှေပြည်တော် သာရဝတ် ကျမ်းနှင့်တပြေးဆိုသော်ငြားလည်း ကျွန်ုပ်ကား
မျက်စိလည်ချင်ချင်ပင်ဖြစ် နေသေးသည်။
❝လိုတာအကုန်လုံးရှိ၊ သာဝတ္ထိ❞
မန်လည်ဆရာတော်က ရေဖ နှင့်
သာရ်္ဗ္ဗတ္ထိ ဟုများဆိုချင်လေသလား
ကျွန်ုပ်မသိ။ မျက်မှောက်ခေတ်ကာလ ရောမအက္ခရာနှင့်ကား Śrāvasti (ၐြာဝသ္တိ) ဟုတွေ့မိသလိုလိုရှိ‌ချေသည်။ ရေကြောင်း
အရှေ့တောင်အာရှ ဗြာဟ္မီပွားအက္ခရာသက္ကတ စာလုံးပေါင်းနှင့်
ကျွန်းဆွယ် ဗြာဟ္မီပွား အက္ခရာ သက္ကတ စာလုံးပေါင်းတို့ကား တစ်မိတည်းပေါက်ဖြစ်၍လောမသိ။ စာလုံးပေါင်းတူလွန်းလှပေစွ။
ဓရ်္မ္မ၊ သရ်္ဗ္ဗ တို့ကို ယခုအခါ၌ကား ဒွေးဘော်မပြုတော့ပြီ။
ဓရ်္မ၊ သရ်္ဝ ဟုသာရေးထုံးပြုကြလေပြီ။